Tuesday, May 12, 2009

ဘုရားဂုဏ်တော် ကိုးပါးပါဠိ, အနက်, သရုပ်, အကျိုးကျေးဇူး

ဣတိပိ သော ဘဂ၀ါ -
၁။ အရဟံ၊
၂။ သမ္မာသမ္ဗုဒ္ဓေါ၊
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော၊
၎။ သုဂတော၊
၅။ လောက၀ိဒူ၊
၆။ အနုတ္တရောပုရိသဒမ္မသာရထိ၊
ရ။ သတ္ထာဒေ၀မနုဿာနံ၊
၈။ ဗုဒ္ဓေါ၊
၉။ ဘဂ၀ါ”တိ။

လယ်တီမူ ဘုရားဂုဏ်တော် ကိုးပါးအနက်

သော ဘဂ၀ါ၊ ထိုအကျွန်ုပ်တို့၏ ဆရာ မြတ်စွားဘုရားသည် -

၁။ ဣတိပိ၊ ဤသို့လျှင် ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ၀ိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေသောကြောင့်လည်း။ အရဟံ၊ အရဟံ မည်တော်မူပေ၏။

၂။ ဣတိပိ၊ ဤသို့လျှင် သစ္စာဉေ ယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးသွင်း အလင်းထင်ပေါ် သိမြင်တော်မူပေသောကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏။

၃။ ဣတိပိ၊ ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာပြည့်စုံတော် မူပေသောကြောင့်လည်း။ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏။

၎။ ဣတိပိ၊ ဤသို့လျှင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ မကပ်ငြိဘဲ၊ မဇ္ဈိမပဋိပတ်၊ ကောင်းမြတ်ဖြောင့်တန်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပူရီ ဘေးမဲ့ပြည်သို့ ကြွချီဆိုက်ရောက်တော် မူပေသောကြောင့်လည်း။ သုဂတော၊ သုဂတ မည်တော်မူပေ၏။

၅။ ဣတိပိ၊ ဤသို့လျှင် ကာမ ရူပ အရူပဟု လောကအပြင် ဘုံတစ်ခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင်တော် မူပေသောကြောင့်လည်း။ လောက၀ိဒူ၊ လောက၀ိဒူ မည်တော်မူပေ၏။

၆။ ဣတိပိ၊ ဤသို့လျှင် ဇာတိမာန်, ပုညမာန်, ဂုဏမာန်, ဗလမာန်, ဣဒ္ဓိမာန်, ပညာမာန်တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ, အင်္ဂုလိမာလ, သစ္စကနှင့် ဗကဗြဟ္မာ သတ္တ၀ါတို့ကို ဒေသနာသံ ဆိတ်ဘံငြိမ်ဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူပေ၏။

၇။ ဣတိပိ၊ ဤသို့လျှင် လူ, နတ်, ဗြဟ္မာ သတ္တ၀ါအများ သောင်းတိုက်သားတို့၏ ၀ပ်တွားရိုပျောင်း ညွှတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်တော်မူပေသောကြောင့်လည်း။ သတ္ထာဒေ၀မနုဿာနံ၊ သတ္ထ ဒေ၀မနုဿာန မည်တော်မူပေ၏။

၈။ ဣတိပိ၊ ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူ, နတ်အများ သိထင်ရှားအောင် ဟောကြားထုတ်ဖော် သိစေတော်မူသောကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူပေ၏။

၉။ ဣတိပိ၊ ဤသို့လျှင် ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်းခိုးတော်အနန္တ ကြီးမြတ်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း။ ဘဂ၀ါ၊ ဘဂ၀ါ မည်တော်မူပေ၏။

တံ၊ ထိုအရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ အဟံ၊ ခန္ဓာအာယတန ဓာတ်စုမျှကို ကာယသမုတ် အကျွန်ုပ်သည်။ ၀န္ဒာမိ၊ သဒ္ဓါစိတ်ဇော အာရုံပြော၍ မနော, ၀စီ, ကာယညီလျက် ဦးချီလက်မိုး ကြာငုံဖြိုးသို့ ရှိခိုးပါ၏ဘုရား။

ဘုရားဂုဏ်တော် ကိုးပါးသရုပ်

၁။ အရဟံ ဂုဏ်တော် = အပူဇော်ခံထိုက်သော ဂုဏ်တော်၊
၂။ သမ္မာသမ္ဗုဒ္ဓေ ဂုဏ်တော် = မဖောက်မပြန် အမှန်သိဂုဏ်တော်၊
၃။ ၀ိဇ္ဇာစရဏသမ္ပန္နေ ဂုဏ်တော် = အသိအကျင့် ပြည့်စုံဂုဏ်တော်၊
၎။ သုဂတ ဂုဏ်တော် = နိဗ္ဗာန်ကြွသွား ဂုဏ်တော်၊
၅။ လောက၀ိဒူ ဂုဏ်တော် = လောကအကြောင်းသိ ဂုဏ်တော်၊
၆။ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော် = ဆုံးမတတ်သော ဂုဏ်တော်၊
ရ။ သတ္ထာဒေ၀မနုဿာန ဂုဏ်တော် = လူ, နတ်တို့၏ ဆရာဖြစ်ဂုဏ်တော်၊
၈။ ဗုဒ္ဓေ ဂုဏ်တော် = သစ္စာလေးပါးကို သိစေတတ်သော ဂုဏ်တော်၊
၉။ ဘဂ၀ါ ဂုဏ်တော် = ဘုန်းခြောက်ပါးရှိ ဂုဏ်တော်။

ဘုရားဂုဏ်တော် ပွားများခြင်းအကျိုး

ဘုရားဂုဏ်တော်ကို ရွတ်ဆိုပွားများ နှလုံးသွင်းဆင်ခြင်သူအား ရရှိနိုင်သော အကျိုးတရားများကို ၀ိသုဒ္ဓိမဂ်၌ အောက်ပါအတိုင်း ဖော်ပြထားလေသည်။

၁။ ရာဂ, ဒေါသ, မောဟ ကိလေသာ မဖြစ်ပွားခြင်း။
၂။ စိတ်အစဉ် ဖြောင့်မတ်ခြင်း။
၃။ ဘုရား၌ ရိုသေခြင်း။
၎။ သဒ္ဓါ, သတိ, ပညာ, ပုည ပြန့်ပြောခြင်း။
၅။ ပီတိ ပါမောဇ္ဇ များပြားခြင်း။
၆။ ဘေးရန်အမျိုးမျိုးကို သည်းခံနိုင်ခြင်း။
၇။ ဘုရားနှင့်အတူနေရသကဲ့သို့ ထင်မှတ်ခြင်း
(ဘုရားနှင့်နီးစပ်၍ အကုသိုလ်အပြစ် နည်းပါးသည်ဟူလို)။
၈။ စေတီအလား ပူဇော်ထိုက်ခြင်း
(ဗုဒ္ဓါနုဿတိပွားများသူတို့၏ ကိုယ်ခန္ဓာသည် စေတီအလား ပူဇော်ထိုက်သည်ဟူလို)။
၉။ ဘုရား၌ စိတ်ညွှတ်ခြင်း
(ဘုရား၌ စိတ်ရောက်နေ၍ အပြင် အပ အကုသိုလ်အာရုံများ မ၀င်နိုင်ခြင်း)။
၁၀။ အရှက်အကြောက်ဖြစ်ခြင်း
(အကုသိုလ်ပြစ်မှု ကျူးလွန်စရာ တွေ့ကြုံခဲ့သော် ဘုရားအာရုံထင်မြင်လာ၍ ဟိရိသြတ္တပ္ပ အရှက်, အကြောက်ဝင်ပြီး မလွန်ကျူးခြင်း)။
၁၁။ နတ်ရွာစသော သုဂတိသို့ရောက်ခြင်း။
(ဤဘ၀၌ မဂ်, ဖိုလ် မရသေးစေကာမူ ကွယ်လွန်သောအခါ ဒုဂ္ဂတိမကျနိုင်)။

(၀ိသုဒ္ဓိမဂ်၊ ပထမအုပ်၊ ၂၀၆။)

ဆောင်ပုဒ်ကဗျာ

၁။ ကိလောမနှောင့်၊
၂။ စိတ်စဉ်ဖြောင့်၏၊
၃။ ဘုန်းခေါင့်ရိုသေ၊
၎။ သဒ္ဓါစွေ၍၊
၅။ နှစ်ထွေပီတိ၊
၆။ သည်းခံချိ၏၊
၇။ စေတီပုံလား၊
၈။ ဘုရားနှင့်နေ၊
၉။ ထင်ပေဟိရောတ်*၊ (*ဟိရွတ်ဟု ဖတ်ပါ။ ဟိရိသြတ္တပ္ပဟု ဆိုလိုသည်။)
၁၀။ စိတ်ညွတ်ချစ်ရှင်၊
၁၁။ မဂ်စဉ်မပွား၊ နတ်ရွာလားသည်၊ ဘုရားဂုဏ်တော် ပွားကျိုးတည်း။

(၀ိသုဒ္ဓါရုံလင်္ကာ)

ဘုရားဂုဏ်တော်ပွားများ၍ အကျိုးရသော သာဓက၀တ္ထုများ

ဘုရားဂုဏ်တော်ပွားများ၍ လောကီလောကုတ္တရာအကျိုးများ ခံစားရပုံကို ပြဆိုသော သာဓက၀တ္ထုတို့ကား များစွာပင်ရှိလေသည်။ အနည်းငယ် နမူနာ ထုတ်ပြရသော် -

၁။ ပုဂံခေတ် မိဖုရားစောလုံ ၀တ္ထု (ဦးကုလား၊ မှန်နန်း)
၂။ ဂုဏ်တော်ပွားများ၍ ရေပေါ်အိပ်ပြနိုင်သော ဓနုဖြူမြို့နယ် ညောင်ချောင်းရွာသူ ဒေါ်ခင်ပု၊ (၁၉၄၈-သံတော်ဆင့်လွတ်လပ်ရေး စာစောင်)
၃။ မွန်အမျိုးသမီးကလေး တလထော၊ (၀ံသဒီပနီ၊ ဟာဗီ၏ မြန်မာရာဇ၀င်)
၎။ ဗုဒ္ဓါရမ္မဏပီတိကြောင့် ခန္ဓာကိုယ်ကြီး ကောင်းကင်သို့ မြောက်တက်သွားသော သီဟိုဠ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ (အဋ္ဌသာလိနီ)
၅။ အသန္ဓိမိတ္တာ မိဖုရားဝတ္ထု၊ (ဒီ၊ ဋ္ဌ၊ ၂၊ နှာ၊ ၄၄)
၆။ ကာဠီအမျိုးသမီးဝတ္ထု၊ (အံ၊ ဋ္ဌ၊ ၁၊ နှာ၊ ၃၅၁)
၇။ အနာထပိဏ်သဌေးကြီးဝတ္ထု၊ (သံ၊ ၁၊ နှာ၊ ၂၁)
၈။ ထင်းခွေသမား သားအဖ၀တ္ထု၊ … စသည်တို့မှာ ဗုဒ္ဓါနုဿတိ ပွားများဆင်ခြင်မှုကြောင့် ကောင်းကျိုးသုခရရှိပုံ သာဓက ၀တ္ထုများဖြစ်ပါသည်။

အထက်ပါဝတ္ထုများကိုထောက်ထား၍ ဘုရားဂုဏ်တော်ပွားများဆင်ခြင်လျှင် ရန်ဘေးကင်း၍ သုဂတိလမ်းသို့ ဖြောင့်တန်းစွာ သွားနိုင်ကြောင်း အဖြေရှာ၍ ဂုဏ်တော်ကို ကြိုးစားပွားများသင့်ကြပေသည်။