Wednesday, May 13, 2009
သန္ဒိဌိက ဓမ္မလမ်းစဉ်
ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး
ညွှန်ပြတော်မူလေ့ရှိသော
သန္ဒိဌိက ဓမ္မလမ်းစဉ်
ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကတ်သုံးပုံ အကုန်လုံးဟာ ‘ဆင်းရဲလွတ်မှုတစ်ခု’ဖြစ်လို့ နည်းတွေများသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုကို ၀ီရိယမှန်မှန်နဲ့ သန်သန်လုပ်ဖို့ အရေးကြီးတယ်။
စရဏ (အကျင့်) နဲ့ ၀ိဇ္ဇာ (အသိ) တပြိုင်နက်ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုပါ။)
ဘုရားစကား၊ ဆရာ့စကား တစ်ထစ်ချနာယူ၊ အရာရာ ရိုသေ၊ ကိုယ်ကို နှိမ့်ချ၊ ခန္တိနဲ့ မေတ္တာ များများထားပြီး လုပ်ရတယ်။
‘၀ိပဿနာတရား’ဆိုတာ ထင်ရှားတဲ့တရားကို မြင်အောင် ရှုမှတ်ခြင်းပင်ဖြစ်တယ်။ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။
ထင်ရှားတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်ဘူး။ ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့ ရုပ်နာမ်တရားတွေပဲ ဖြစ်တယ်။
ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ်တရားတွေထဲမှာ လူတိုင်း နားလည်လွယ်ကူတာဟာ ‘အာနာပါန’ ၀င်လေထွက်လေ ရှုမှတ်မှု ဖြစ်တယ်။
‘ထွက်လေ ၀င်လေ’ဆိုတာ အမိဝမ်းမှ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘော ဖြစ်တယ်။ အလုပ် လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလည်း ရှိနေတာပဲ။
ထွက်လေ ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့နေကြလို့ ‘သတိမမူ ဂူမမြင်’ ဖြစ်နေကြတယ်။ ‘သတိမူရင် မြူတောင်မြင်ရတယ်’ ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။
‘ကြည့်’ ဆိုရာမှာ ၀ိပဿနာဖြစ်ဖို့ရာအတွက် ထွက်လေ ၀င်လေထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ်နဲ့ တထိတည်း ထိနေတာကို တသိတည်းသိနေအောင်၊ တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင် ထူထူမိုးမှ နေပူဒဏ်၊ မိုးရွာဒဏ်ကို ခံနိုင်တယ်။ (၂၄ နာရီ အမြဲမပြတ် တစ်စပ်တည်း ရပါစေ။)
တစ်ရက် ၂၄-နာရီ တစ်စပ်တည်းရလျှင် အလွန်သိသာပါတယ်။ (နိသဇ် = လျောင်းစက်၍ မအိပ်သော၊ ဓုတင် = အကျင့်ကိုဆောင်) ဘုရားဆုံးမတာမှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး။ ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က နိသဇ်ဆောင်တဲ့ ပုဂ္ဂိုလ်များ ပိုပြီးတောင် အသက်ရှည်ကြ၊ ကျန်းမာကြတယ်။ အိပ်ချင်လို့ အိပ်ရင် တစ်သံသရာလုံး နိုးတော့မှာမဟုတ်ဘူး။ အိပ်ချင်ရင် မအိပ်တဲ့နေရာရှိတယ်။ အဲဒီကို ရောက်အောင်သွား။
ထိတာကို သိနေရင် သိက္ခာသုံးပါ၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက္ခယတရား ၃၇-ပါး၊ ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ်။
တရိပ်ရိပ်နဲ့ ထိတိုင်း၊ ပျောက်တိုင်း (ရုပ်နာမ်) ဖြစ်မှုပျက်မှုတွေ ဖြစ်ပျက်ပြီး နေခြင်းဖြစ်တယ်။
တရိပ်ရိပ်နဲ့ နှာဖျားမှာ ထိလိုက်၊ ပျောက်လိုက်နေတာတွေကိုသာ တစ်ဆက်တည်း သိမြင်အောင် ကြည့်ရှုနေရင် ကြာရင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ၊ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး အားကြီးလာတဲ့အခါ နှာဖျား၊ နှာဝတွင်သာမက ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကို တွေ့ရမယ်။
တစ်ကိုယ်လုံး တရိပ်ရိပ်၊ တရွရွ အမြဲမပြတ်ဖြစ်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကို ကောင်းစွာမြင်သာသောကြောင့်) ဒုက္ခနဲ့ အနတ္တဟာ အလိုလို ထင်မြင်လာလိမ့်မယ်။ ပါးစပ်ကနေ ဆိုနေဖို့ မလိုဘူး။ ၀ိပဿနာအလုပ်ဟာ ထိမှုကို ကြည့်ရှုသိနေရုံသာဖြစ်တယ်။ ကြည့်နေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီး တိုးပြီး သိလာလိမ့်မယ်။
အဲဒီလို တရိပ်ရိပ်နဲ့ ထိမှု၊ သိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်။ ဘယ်လို သိသာသလဲဆိုတော့ ‘ရေငတ်၍နေသော သူသည် ရေကိုသောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့’ ဖြစ်သွားတော့တယ်။ သူများမေးစရာမလို ကိုယ်တိုင်သိမယ်။ (သန္ဒိဋ္ဌိကော)
(သန္ဒိဋ္ဌိကော = ချမ်းသာအစစ်ကို ကိုယ်တိုင်လက်ငင်းတွေ့နေရတယ်။)
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်။ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နဲ့တူတယ်။
ယုံယုံကြည်ကြည်၊ လုံ့လ၀ီရိယရှိရှိနဲ့ ထိမှု သိမှုတို့ကိုသာ တစ်ဆက်တည်းဖြစ်အောင် ကြည့်ရှုနေ။ ထွေလီကာလီတွေကို လိုက်မလုပ်နဲ့၊ အခုလုပ်၊ အခုမီးငြိမ်း၊ အခု ချက်ချင်းပဲ ချမ်းသာတယ်။
(အကာလိကော = ကာလမခြား အကျိုးရှိတယ်။)
ဓမ္မဒါနအလှူရှင်
ဦးသန့် + ဒေါ်စောရင် (ချန်ပီယံမိသားစု)
ကြာပန်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
ဖုန်း - ၆၈၂၅၂၅၊ ၆၈၁၉၇၂
ယခုကောင်းမှ နောင်ကောင်းပါလိမ့်မယ်
လူ့ပြည်ဌာန ရောက်ကြခါဝယ်
ကံသာအမိ သိကြသွယ်သွယ်
ရှေးကံကောင်းလို့ ခုကောင်းပါတယ်
ယခုကောင်းမှ နောင်ကောင်းပါလိမ့်မယ်။
အနန္တဂုဏ်ရောင် ဦးဘမြင့်
အောင်မြင်ကြောင်း တရားလေးပါး
မကောင်းမှုရှောင် ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား
ပြော ပြု တွေးလျှင် သတိယှဉ်
ဆင်ခြင်ဉာဏ်ရှေ့သွား
စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန်
သည်းခံမေတ္တာထား
လုံ့လနှင့်ဇွဲ မလျှော့ဘဲ
အမြဲတင်းတင်းထား
အရာရာတွင်အသုံးဝင်
အောင်မြင်ကြောင်း တရားလေးပါး။
သေရွာတစ်ခေါက် နီးခဲ့ပြီတကား
စက္ကန့်လည်းပျောက် မိနစ်ရောက်၏
မိနစ်လည်းပျောက် နာရီရောက်၏
နာရီလည်းပျောက် နေ့ရက်ရောက်၏
နေ့ရက်လည်းပျောက် လတွေရောက်၏
လတွေလည်းပျောက် နှစ်တွေရောက်၏
နှစ်တွေပျောက်ဆုံး ပျက်ဆုံးခန္ဓာ
သေရွာတစ်ခေါက် နီးခဲ့ပြီတကား။
အနန္တဂုဏ်ရောင် ဦးဘမြင့်
ဧည့်သည်
လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
လာပြီးတော့နား မသွားသေခင်
ချိန်လေးတွင်မှ
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
တို့လျှင် ဧည့်သည် ပါတကား။
တစ်ခေါက်မပြန်
ပေမှာတစ်သီး
တစ်သက်ပြီးလျက်
ကျီးတစ်သားပေါက်
နောက်၌မလာ တကြိမ်သာတည်း။
ဇရာမရဏ ဤဓမ္မလည်း
တစ်ဘ၀မှာ ဓမ္မတာလှိုင်း
သတ္တ၀ါထိုထို တစ်ကြိမ်အိုက
နောက်ကိုတလီ ပျိုသည်မရှိ
သေသည်ထိတည့် သေပြီးနောက်မှာ
ဖန်တစ်ခါမျှ
ပြန်လာရှင်ရိုး မရှိစွာဘူး။
အနန္တဂုဏ်ရောင် ဦးဘမြင့်
လမ်းသုံးဆင့် ဘယ်တင်းငါသွားမယ်
ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်၊
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်၊
ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်၊
တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သားမကယ်ပြီ၊
ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ၊
ခန္ဓာမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ၊
မသေရခင် သွားလမ်းစဉ် လမ်းသာထွင်ရမည်၊
ဒါနသီလ ဘာဝနာ လမ်းသာမှတ်ရမည်၊
မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်ရမည်။
အနန္တဂုဏ်ရောင် ဦးဘမြင့်
အနိစ္စ, ဒုက္ခ, အနတ္တ
၁။ မစင်ပမာ ငါ့ခန္ဓာကား ဘယ်ခါမစဲ ပျက်လျှက်ဆဲမို့ အမြဲတရား ရှုမှတ်ပွားသည်။
သြော် (အနိစ္စ ပါတကား)
၂။ ၃၂-ဖြာ ငါ့ခန္ဓာကား ချမ်းသာကင်းဝေး ဒုက္ခဘေးမို့ ၀ဋ်ကြွေးတရား ရှုမှတ်ပွားသည်။
သြော် (ဒုက္ခ ပါတကား)
၃။ ၄၂-ဖြာ ငါ့ခန္ဓာကား ရောဂါဘေးဆိုး အမျိုးမျိုးကို လိုစိုးမပိုင် တားမနိုင်မို့ မဆိုင်တရား ရှုမှတ်ပွားသည်။
သြော် (အနတ္တ ပါတကား)
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး
လယ်တီဆရာတော်ဘုရားကြီး၏ သံဝေဂတေးထပ်
သံဝေဂတေးထပ်
ငါးအာရုံ ဘင်အစု၊ ခင်မှုနေနှင့်ကုန်၊ နင်ယခု မေ့ပုံလို၊ တွေ့မကြုံစခန်း။ ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း။ နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်းနင့်ကို၊ ဒေသနာ ထင်အလင်းရယ်နှင့် နင့်အဖျင်း ပို့ထက်သာပို။
သည်လောကစရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊ နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်။ ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား၊ ခွင့်သာတုန်းကမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။
လယ်တီဆရာတော်ဘုရားကြီး ဆုံးမစာ
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး
ရေးသားဆုံးမတော်မူအပ်သော ဆုံးမစာ
ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချည်းနှီးလျှင်၊ ရီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်၊ သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည်၊ မိုးလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက်အပြား၊ အင်လေးပါးထက်၊ နင်ကားရာထောင်၊ မကမှောင်၏၊ လူ့ဘောင်လူ့ရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခုတွေ့လည်း၊ အလေ့မလွဲ၊ အများနဲလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏၊ မျက်မြင်လောက၊ ဤဘ၀ကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၍၊ သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏၊ နင်နှင့်မဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့်သန္တာန်ကို၊ နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ၊ အာရုံဝတ္ထု၊ မီးစာစုကို၊ မှုမှုရရ၊ နင်အားကျလည်း၊ ဓားပြသေမင်း၊ သူ့တပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘ၀၊ အနန္တလျှင်၊ အစအဆုံး၊ အများထုံးတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်၊ နင်လိုလူမိုက် သွားလမ်းတည်း။
Tuesday, May 12, 2009
မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသ အလွတ်ကျက်နည်း
ဒုတိယဗိုလ်မှူးကြီး ခင်အောင်မြင့် ထုတ်နှုတ်ရေးသားခဲ့တဲ့ မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသ (၁၀)ရက်အတွင်း အလွတ်ကျက်နည်းကို ကျနော် ဖြန့်ဝေပေးလိုက်ပါတယ်။
အောက်ဖော်ပြပါ လင့်ခ်လေးမှာ ကူးယူပြီး၊ ပုံနှိပ်ထုတ်ယူပြီးရင် အလယ်မှာ ပြထားတဲ့အတိုင်း ဖြတ်ပါ။ ပြီးရင် စာမျက်နှာအတိုင်းစီပြီး စာအုပ်ချုပ်လိုက်ရင် အိတ်ဆောင်လေးရသွားမယ်။ စာမျက်နှာက ၄-မျက်နှာ၊ ၁ နှင့် ၂ ကို ကျောကပ်ပြီး ပုံနှိပ်ထုတ်ပါ။ ၃ နှင့် ၄ လည်း ဒီအတိုင်းပဲ။
သဗ္ဗဒါနံ၊ ဓမ္မဒါနံ၊ ဇိနာတိ။
အလှူတကာ့ အလှူများတွင် တရားအလှူသည်
အမွန်မြတ်ဆုံးဖြစ်သည်။
ရွှေတိဂုံမဟာပဋ္ဌာန်း
Website လေးတစ်ခုက ကူးယူထားတာပါ။ ရေးသားသူ ဆရာတော်ရဲ့ စကားလေးကိုပါ ဖော်ပြပေးလိုက်တယ်။
ရွှေတိဂုံစေတီတော်မူ မဟာပဋ္ဌာန်းဒေသနာတော် စာအုပ်ပါ။ ကျနော် PDF ဖွဲ့ပြီး တင်ပေးလိုက်ပါတယ်။ အောက်က လင့်ခ် လေးမှာ download ယူလိုက်ပါ။
ရွှေတိဂုံမဟာပဋ္ဌာန်း
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ ဆီအက်တယ်လ်မြို့၊ လင်းဝတ်ဒ်မြို့နယ်၊ 3510 122nd PL SW, Lynnwood, WA 98087, U.S.A. ရှိ မဟာစည်ရိပ်သာကျောင်း၌ (October 14, 2008)အင်္ဂါနေ့တွင် စာရေးသူ ဦးဆောင်၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ကို ကျင်းပခဲ့ ပါသည်။ ထိုနေ့တွင် စာရေးသူနှင်တကွ ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများ စုပေါင်း၍ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ စသည်တို့ကို ရွတ်ဖတ် ပူဇော်ခဲ့ကြပါသည်။ ထိုနေ့အတွက် အမှတ်တရ အဖြစ် မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်ပါသည်။
ညောင်ကန်အေး ဦးပရမ
(မလေးရှား၊ ညောင်ကန်အေးကျောင်း)
ခေတ္တ အမေရိကန်
သတ္တဌာနဘုရားရှိခိုး
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏
သတ္တဌာနဘုရားရှိခိုး
ပလ္လင်္ကသတ္တာဟ
(၁) ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်၊ ပညိနြေ္ဒ၊ ချွေရာမှန်သိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်း အံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစံပယ်သည် …. ဘုန်းကြွယ်လက်ဦး ပွဲပေကို။
အနိမိသသတ္တာဟ
(၂) နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည် …..ကြည်လင်ညွတ် နူး ဖွယ်ပေကို။
စင်္ကမသတ္တာဟ
(၃) သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည် ….. တရားဆင်ခြင် လျက်ပေကို။
ရတနာဃရသတ္တာဟ
(၄) လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့ လောက်ဖွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည် ….. ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။
အဇပါလသတ္တာဟ
(၅) ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ် ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စံပယ်နေသည် ….. ရိုသေမြတ်နိုး ဖွယ်ပေကို။
မုဉ္စလိန္ဒသတ္တာဟ
(၆) ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညိုပြည့် လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စံပယ် နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာ မိုးသည် ….. ရှေးကျိုးသမ္ဘာတော်ကြောင့်ကို။
ရာဇာယတနသတ္တာဟ
(၇) ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ယာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ် တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည် ….. ကြီးမားဉာဏ်တော် ဖွင့်လို့ကို။
ထိုခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန် ရှိခိုးသည် ….. ကောင်းကျိုးခပ်သိမ်း ပြည့်စေသောဝ်။
ဗုဒ္ဓ၀င် အကျဉ်းချုပ်ဆောင်ပုဒ်
ဂေါတမမြတ်စွာဘုရား၏
ဗုဒ္ဓ၀င် အကျဉ်းချုပ်ဆောင်ပုဒ်
မ, သိ, ကြ, လတ်၊ တွေး, ဆ, အပ်၊ နေ့မြတ် ခုနှစ်ထွေ။
သန်, ဖွား, တော, ပွင့်၊ စက်, စု, သင့်ရှင်ပင့် သာကိဆွေ။
ရှင်းလင်းချက်
၁။ - သောကြာနေ့တွင်
သန် - ပဋိသန္ဓေ နေတော်မူပါသည်။
၂။ သိ - သောကြာနေ့တွင်
ဖွား - ဖွားမြင်တော်မူပါသည်။
၃။ ကြ - တနင်္လာနေ့တွင်
တော - တောထွက်တော်မူပါသည်။
၎။ လတ် - ဗုဒ္ဓဟူးနေ့တွင်
ပွင့် - ဘုရားပွင့်တော်မူပါသည်။
၅။ တွေး - စနေနေ့တွင်
စက် - ဓမ္မစကြာတရား ဟောတော်မူပါသည်။
၆။ - အင်္ဂါနေ့တွင်
စု - စုတိ ပရိနိဗ္ဗာန် စံတော်မူပါသည်။
၇။ အပ် - တနင်္ဂနွေနေ့တွင်
သင့် - တေဇောဓာတ် (မီးသင့်) လောင်တော်မူပါသည်။
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏
ခုနစ်နေ့ဘုရားရှိခိုး
သန္ဓေယူသောနေ့ (မ - သန်)
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စင်္ကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည် … နတ်လူငြိမ်းဖို့ ကိန်းပါကို၊၊
ဖွားမြင်တော်မူသောနေ့ (သိ - ဖွား)
၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗဏီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည် … နတ်လူ အောင်မြို့ လမ်းပါကို၊၊
တောထွက်တော်မူသောနေ့ (ကြ - တော)
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည် … စုံမြိုင်ပင်ရိပ် ခန်းမှာကို။
ဘုရားဖြစ်တော်မူသောနေ့ (လတ် - ပွင့်)
၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံး ကျော်သည် … သုံးဖေါ်လူတို့ ငြမ်းပါကို၊၊
ဓမ္မစကြာဟောတော်မူသောနေ့ (တွေး - စက်)
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည် … တရားနတ်စည် ရွမ်းတယ်ကို၊၊
ပရိနိဗ္ဗာန်စံတော်မူသောနေ့ (ဆ - စု)
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်, လူ, ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည် … ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ၊၊
တေဇောဓာတ်လောင်တော်မူသောနေ့ (အပ် - သင့်)
၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည် … မွေတော်ရှစ်စိတ် ကြွင်းတယ်ကို၊၊
ရှိခိုးဆုတောင်း
ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည် … ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။
သံဃာ့ဂုဏ်တော် ကိုးပါးပါဠိ, အနက်, သရုပ်, အကျိုးကျေးဇူး
၁။ “သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
ယိဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂ၀တော သာဝကသံဃော၊
၅။ အာဟုနေယျော၊
၆။ ပါဟုနေယျော၊
၇။ ဒက္ခိဏေယျော၊
၈။ အဉ္ဇလိကရဏီယျော၊
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ”တိ။
လယ်တီမူ သံဃာ့ဂုဏ်တော် ကိုးပါးအနက်
၁။ ဘဂ၀တော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ သီလ၀န်, ဂုဏ၀န်, ပည၀န်, ကလျာဏပုထုဇ္ဇန် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ သုပ္ပဋိပန္နော၊ အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်ကောင်းမြတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။
၂။ ဘဂ၀တော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ သီလ၀န်, ဂုဏ၀န်, ပည၀န်, ကလျာဏပုထုဇ္ဇန် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ ဥဇုပ္ပဋိပန္နော၊ အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်ဖြောင့်မတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။
၃။ ဘဂ၀တော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ သီလ၀န်, ဂုဏ၀န်, ပည၀န်, ကလျာဏပုထုဇ္ဇန် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ ဉာယပ္ပဋိပန္နော၊ အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် လွန်သင့်မြတ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။
၎။ ဘဂ၀တော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ သီလ၀န်, ဂုဏ၀န်, ပည၀န်, ကလျာဏပုထုဇ္ဇန် အရှင်မွန် အရှင်မြတ်တို့နှင့်တကွ ပရမတ္ထသံဃာ အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ သာမီစိပ္ပဋိပန္နော၊ အဓိသီလ, အဓိစိတ္တ, အဓိပညာ သိက္ခာသုံးရပ် ရိုသေအပ်သော ပဋိပတ်ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။
ယဒိဒံ၊ ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ၊ အကြင်လေးပါးသော ယောက်ျားမြတ်အစုံတို့သည်။ သန္တိ၊ ရှိကုန်၏၊ ယဒိဒံ = ယေ ဣမေအဋ္ဌပုရိသပုဂ္ဂလာ၊ အကြင်ရှစ်ပါးသော ယောက်ျားမြတ်တို့သည်။ သန္တိ၊ ရှိကုန်၏။
၅။ ဘဂ၀တော၊ မြတ်စွာဘုရား၏။ ဧသ ဧသော သာဝက သံဃော၊ ဤလေးစုံရှစ်ပါး တပည့်သားသံဃာတော်မြတ် အပေါင်းသည်။ အာဟုနေယျော၊ အာဂန္တုအား ရည်၍ထားသော အလှူဝတ္ထုမျိုးကို ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။
၆။ ပါဟုနေယျော၊ လက်ဆောင်အလို့ငှာ ယူ၍လာသော အလှူဝတ္ထုမျိုးကို ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။
၇။ ဒက္ခိဏေယျော၊ နောက်နောက်ဘ၀ အကျိုးရဖို့ ပျိုးချတုံလတ် မြတ်သောအလှူဝတ္ထုကို ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။
၈။ အဉ္ဇလိကရဏီယော၊ လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ လက်အုပ်ချီခြင်းကို ခံယူထိုက်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်နှင့်လည်း ပြည့်စုံတော်မူပေ၏။
၉။ လောကဿ၊ လူအပေါင်း၏။ အနုတ္တရံ၊ အတုမရှိ မြင့်မြတ်သော။ ပုညက္ခေတ္တံ၊ ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်တော်မူပေ၏။
တံ၊ ထိုသုပ္ပဋိပန္နအစ ပုညက္ခေတ္တံအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်မြတ်အပေါင်းကို။ အဟံ၊ ခန္ဓာအာယတန ဓာတ်စုမျှကို ကာယသမုတ် အကျွန်ုပ်သည်။ ၀န္ဒာမိ၊ သဒ္ဓါစိတ်ဇော အာရုံပြော၍ မနော, ၀စီ, ကာယညီလျက် ဦးချီလက်မိုး ကြာငုံဖြိုးသို့ ရှိခိုးပါ၏ဘုရား။
သံဃာ့ဂုဏ်တော် ကိုးပါးသရုပ်
၁။ သုပ္ပဋိပန္နေ ဂုဏ်တော် = လွန်ကောင်းမြတ်သော အကျင့်ဂုဏ်တော်၊
၂။ ဥဇုပ္ပဋိပန္နေ ဂုဏ်တော် = လွန်ဖြောင့်မတ်သော အကျင့်ဂုဏ်၊
၃။ ဉာယပ္ပဋိပန္နေ ဂုဏ်တော် = လွန်သင့်မြတ်သော အကျင့်ဂုဏ်၊
၎။ သာမီစိပ္ပဋိပန္နေ ဂုဏ်တော် = ရိုသေအပ်သော အကျင့်ဂုဏ်၊
၅။ အာဟုနေယျေ ဂုဏ်တော် = ဧည့်သည်ရည်မှု၊ အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်၊
၆။ ပါဟုနေယျေ ဂုဏ်တော် = လက်ဆောင်ယူငြား အလှူဝတ္ထုများကို ခံယူထိုက်သောဂုဏ်၊
၇။ ဒက္ခိဏေယျေ ဂုဏ်တော် = မြတ်သောအလှူ ခံယူထိုက်သောဂုဏ်၊
၈။ အဉ္ဇလိကရဏီယျေ ဂုဏ်တော် = လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်၊
၉။ အနုတ္တရံ ပုညက္ခေတ္တ ဂုဏ်တော် = လယ်ယာမြေကောင်းနှင့် တူသောဂုဏ်။
သံဃာ့ဂုဏ်တော် ပွားများခြင်းအကျိုး
သံဃာနုဿတိ သံဃာဂုဏ်တော်ကို အောက်မေ့ပွားများခြင်း၏ အကျိုးပြ သာဓက၀တ္ထုများအဖြစ် သုတ်မဟာဝါ၌လာသော “အယျမိတ္တမထေရ်”၀တ္ထုနှင့် ဓမ္မပဒ၌လာသော မဟာကပ္ပိနမင်းနှင့် အနောဇာဒေ၀ီဝတ္ထု စသည်တို့ကို ထုတ်ဆောင်အပ်၏၊
အကျိုး ၁၁-ပါးလင်္ကာ
၁။ ကိလေမနှောင့်
၂။ စိတ်စဉ်ဖြောင့်၏
၃။ ဘုန်းခေါင့်သံဃာ၊ မှန်စွာရိုသေ၊
၎။ သဒ္ဓါစွေ၍၊
၅။ နှစ်ထွေပီတိ၊
၆။ သည်းခံချိ၏၊
၇။ ပြုဘိသမုတ်၊ ဥပုသ်သိမ်ပမာ၊
၈။ သံဃာနှင့်နေ၊
၉။ ထင်ပေဟိရောတ်*၊ (*ဟိရွတ်ဟု ဖတ်ပါ။ ဟိရိသြတ္တပ္ပဟု ဆိုလိုသည်။)
၁၀။ စိတ်ညွှတ်သံဃ၊
၁၁။ မဂ်မရလည်း၊ ရောက်ထနတ်ရွာ၊ ကောင်းကျိုးလာသည်၊ သံဃာဂုဏ်တော်ပွားကျိုးတည်း။
(မာဂဓိ - လင်္ကာ)
တရားဂုဏ်တော် ခြောက်ပါးပါဠိ, အနက်, သရုပ်, အကျိုးကျေးဇူး
၁။ သွာက္ခာတော ဘဂ၀တော ဓမ္မော၊
၂။ သန္နိဋ္ဌိကော၊
၃။ အကာလိကော၊
၎။ ဧဟိပဿိကော၊
၅။ သြပနေယျိကော၊
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ”တိ။
လယ်တီမူ တရားဂုဏ်တော် ခြောက်ပါးအနက်
၁။ ဘဂ၀တာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားတော်မြတ်ကို။ သွာက္ခာတော၊ အစ, အလယ်, အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူအပ်၏။
၂။ ဓမ္မော၊ တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော၊ ကျင့်ဆောင်သူတို့အား ယခုဘ၀ပစ္စက္ခ၌ပင် ဒိဋ္ဌကိုယ်တွင် တွေ့မြင်ခံစားရသော ဂုဏ်ကျေးဇူးအထူးနှင့်လည်း ပြည့်စုံတော်မူပေ၏။
၃။ အကာလိကော၊ ကာလမရွေ့ ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့်လည်း ပြည့်စုံတော်မူပေ၏။
၎။ ဧဟိပဿိကော၊ လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါ ရှုပါ, ကျင့်ကြံပါဟု မပါပါအောင် ခေါ်ဆောင်သွတ်သွင်း တိုက်တွန်းခြင်းငှာ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပေ၏။
၅။ သြပနေယျိကော၊ မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပေ၏။
၆။ ၀ိညူဟိ၊ ပညာရှိသူ ရှင်, လူအပေါင်း သူတော်ကောင်းတို့သည်။ ပစ္စတ္တံ၊ အသီးသီးသော မိမိတို့သန္တာန်၌။ ဝေဒိတဗ္ဗော၊ ချမ်းသာလေစွ ကောင်းလေစွဟု ကာယ, စိတ္တ သုခနှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပေ၏။
တံ၊ ထိုသွာက္ခာတောအစ ဝေဒိတဗ္ဗောအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ် ၆ ပါးနှင့် ပြည့်စုံတော်မူသော တရားတော်မြတ်ကို။ အဟံ၊ ခန္ဓာအာယတန ဓာတ်စုမျှကို ကာယသမုတ် အကျွန်ုပ်သည်။ ၀န္ဒာမိ၊ သဒ္ဓါစိတ်ဇော အာရုံပြော၍ မနော, ၀စီ, ကာယညီလျက် ဦးချီလက်မိုး ကြာငုံဖြိုးသို့ ရှိခိုးပါ၏ဘုရား။
တရားဂုဏ်တော် ခြောက်ပါးသရုပ်
၁။ သွာက္ခာတ ဂုဏ်တော် = ကောင်းစွာ ဟောကြားအပ်သော ဂုဏ်တော်၊
၂။ သန္နိဋ္ဌိကာ ဂုဏ်တော် = လက်တွေ့ မျက်တွေ့ ဂုဏ်တော်၊
၃။ အကာလိက ဂုဏ်တော် = လက်ငင်းအကျိုးပေး ဂုဏ်တော်၊
၎။ ဧဟိပဿိက ဂုဏ်တော် = ဖိတ်ခေါ်တိုက်တွန်း ဂုဏ်တော်၊
၅။ သြပနေယျိက ဂုဏ်တော် = ကပ်၍ ဆောင်ထိုက်သော ဂုဏ်တော်၊
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ ဂုဏ်တော် = ပညာရှိတို့ သိမြင်ခံစားအပ်သောဂုဏ်တော်။
တရားဂုဏ်တော်ပွားများ၍ အကျိုးရသော သာဓက၀တ္ထုများ
ဓမ္မာနုဿတိ တရားဂုဏ်တော် အောက်မေ့ပွားများခြင်း၏ အကျိုးပြသာဓက၀တ္ထုများအဖြစ် - ဖားနတ်သားဝတ္ထု၊ လင်းနို့သားငါးရာဝတ္ထု၊ ဓမ္မစကြာ မယ်ဟေမာဝတ္ထု၊ စွန်လက်မှလွတ်သော ဗုဒ္ဓရက္ခိတကျေးသားဝတ္ထု စသည်များကို ထုတ်ဆောင်အပ်၏။
အကျိုး ၁၁-ပါးလင်္ကာ
၁။ ကိလေမနှောင့်
၂။ စိတ်စဉ်ဖြောင့်၏
၃။ ဘုန်းခေါင်ဟောကြား၊ တရားရိုသေ၊
၎။ သဒ္ဓါစွေ၍၊
၅။ နှစ်ထွေပီတိ၊
၆။ သည်းခံချိ၏၊
၇။ စေတီပုံလား၊
၈။ တရားနှင့်နေ၊
၉။ ထင်ပေဟိရောတ်*၊ (*ဟိရွတ်ဟု ဖတ်ပါ။ ဟိရိသြတ္တပ္ပဟု ဆိုလိုသည်။)
၁၀။ စိတ်ညွှတ်ဓမ္မ၊
၁၁။ မဂ်မရလည်း၊ ရောက်ထမမှား၊ နတ်ရွာလားသည်၊ တရားဂုဏ်တော်ပွားကျိုးတည်း။
(မာဂဓိ - လင်္ကာ)
အနန္တငါးပါး ဘုရားရှိခိုး
၁။ ဗုဒ္ဓဂုဏော = အနန္တောဟု၊ ကျော်စောထင်ရှား၊ သုံးပါးရပ်သူ၊ နတ်, လူ, ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသာခေါင်၊ နိဗ္ဗာန်သောင်သို့၊ ရှေ့ဖောင်မဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ကယ်တင်ဆောင်ယူ၊ ပို့တော်မူသည်၊ နတ်လူတို့ထိပ်ပန်း၊ ရဟန်းတို့ဆရာ၊ အစိန္တေယျာဟု၊ အနန္တဂုဏ်အင်၊ ကျေးဇူးရှင်ကို၊ အဟံ = အကျွန်ုပ်သည်၊ ၀န္ဒေ ၀န္ဒာမိ = ရှိခိုးပါ၏။
၂။ ဓမ္မဂုဏော = အနန္တောဟု၊ တည်သောကမ္ဘာ၊ သတ္တ၀ါ လူ, နတ် အထပ်ထပ်ကို၊ လေးမြတ်ကြင်နာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာ သံယော၊ ကိလေတောမှ၊ ဆေးကြောသုတ်သင်၊ မြူမတင်အောင်၊ ရှောင်ကြဉ်ပေတတ်၊ တရားမြတ်ကို၊ အဟံ = အကျွန်ုပ်သည်၊ ၀န္ဒေ ၀န္ဒာမိ = ရှိခိုးပါ၏။
၃။ သံဃဂုဏော = အနန္တောဟု၊ လောဘ, ဒေါသ၊ မောဟ ကင်းကွာ၊ တဏှာကာမ၊ ကိလေသနှင့်၊ ရာဂအမိုက်၊ နှစ်ခြိုက်မပျော်၊ မမွေ့လျော်ဘဲ၊ ရှင်တော်ဟောကြား၊ မြတ်တရားကို၊ မှတ်သားကြည်ညို၊ မဂ်, ဖိုလ်နိဗ္ဗာန်၊ ရောက်ကြောင်းမှန်သည်၊ မြတ်မွန်ထေရ်ကျော်၊ သံဃာတော်ကို၊ ဂုဏ်တော်ကြီးစွ၊ အနန္တကို၊ အဟံ = အကျွန်ုပ်သည်၊ ၀န္ဒေ ၀န္ဒာမိ = ရှိခိုးပါ၏။
၎။ မာတာပိတုဂုဏော = အနန္တောဟု၊ အပြောကျယ်စွာ၊ သံသရာဝယ်၊ မာတာပိတ၊ မိနှင့်ဖတို့၊ ရေကြည်ကလလ၊ တည်ဦးစက၊ ချို, ချဉ်, ပူ, စပ်၊ ရှင်းရှင်းပြတ်အောင်၊ မပြတ်ယုယ၊ မိဘတို့မှာ၊ စိုးရိမ်စွာဖြင့်၊ အစာဆိမ့်အေး၊ နို့ချိုပေး၍၊ မွေးသည့်မိခင်၊ ကျွေးဖရှင်ကို၊ အဟံ = အကျွန်ုပ်သည်၊ ၀န္ဒေ ၀န္ဒာမိ = ရှိခိုးပါ၏။
၅။ အာစရိယဂုဏော = အနန္တောဟု၊ မိန့်ဟောအရ၊ ကောက်ယူပြသော်၊ နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း၊ မေတ္တာလောင်း၍၊ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွက်သံချို၊ ဆုံးမဆိုသား၊ အဟိုများစွာ၊ သံသရာဝယ်၊ သုံးသွယ်သောကပ်၊ လေးရပ်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ဆိုးညစ်ယုတ်မာ၊ အဖြာဖြာကို၊ ခေမာဘုမိ၊ ဘေးမရှိအောင်၊ နိဗ္ဗာန်သောင်သို့၊ ရောက်အောင်ပြညွှန်၊ သွန်သေပေတတ်၊ ဆရာမြတ်ကို၊ အဟံ = အကျွန်ုပ်သည်၊ ၀န္ဒေ ၀န္ဒာမိ = ရှိခိုးပါ၏။
ဘုရားဂုဏ်တော် ကိုးပါးပါဠိ, အနက်, သရုပ်, အကျိုးကျေးဇူး
ဣတိပိ သော ဘဂ၀ါ -
၁။ အရဟံ၊
၂။ သမ္မာသမ္ဗုဒ္ဓေါ၊
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော၊
၎။ သုဂတော၊
၅။ လောက၀ိဒူ၊
၆။ အနုတ္တရောပုရိသဒမ္မသာရထိ၊
ရ။ သတ္ထာဒေ၀မနုဿာနံ၊
၈။ ဗုဒ္ဓေါ၊
၉။ ဘဂ၀ါ”တိ။
လယ်တီမူ ဘုရားဂုဏ်တော် ကိုးပါးအနက်
သော ဘဂ၀ါ၊ ထိုအကျွန်ုပ်တို့၏ ဆရာ မြတ်စွားဘုရားသည် -
၁။ ဣတိပိ၊ ဤသို့လျှင် ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ၀ိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေသောကြောင့်လည်း။ အရဟံ၊ အရဟံ မည်တော်မူပေ၏။
၂။ ဣတိပိ၊ ဤသို့လျှင် သစ္စာဉေ ယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးသွင်း အလင်းထင်ပေါ် သိမြင်တော်မူပေသောကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏။
၃။ ဣတိပိ၊ ဤသို့လျှင် စရဏအပြား တစ်ဆယ့်ငါးတည့် သုံးပါးရှစ်ဖြာ ဉာဏ်ဝိဇ္ဇာတို့နှင့် ကောင်းစွာပြည့်စုံတော် မူပေသောကြောင့်လည်း။ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏။
၎။ ဣတိပိ၊ ဤသို့လျှင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ မကပ်ငြိဘဲ၊ မဇ္ဈိမပဋိပတ်၊ ကောင်းမြတ်ဖြောင့်တန်း မဂ္ဂင်လမ်းဖြင့် ရွှေနန်းပူရီ ဘေးမဲ့ပြည်သို့ ကြွချီဆိုက်ရောက်တော် မူပေသောကြောင့်လည်း။ သုဂတော၊ သုဂတ မည်တော်မူပေ၏။
၅။ ဣတိပိ၊ ဤသို့လျှင် ကာမ ရူပ အရူပဟု လောကအပြင် ဘုံတစ်ခွင်ကို ကုန်စင်ခပင်း မကျန်ကြွင်းအောင် အလင်းထင်ပေါ် သိမြင်တော် မူပေသောကြောင့်လည်း။ လောက၀ိဒူ၊ လောက၀ိဒူ မည်တော်မူပေ၏။
၆။ ဣတိပိ၊ ဤသို့လျှင် ဇာတိမာန်, ပုညမာန်, ဂုဏမာန်, ဗလမာန်, ဣဒ္ဓိမာန်, ပညာမာန်တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ, အင်္ဂုလိမာလ, သစ္စကနှင့် ဗကဗြဟ္မာ သတ္တ၀ါတို့ကို ဒေသနာသံ ဆိတ်ဘံငြိမ်ဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူပေ၏။
၇။ ဣတိပိ၊ ဤသို့လျှင် လူ, နတ်, ဗြဟ္မာ သတ္တ၀ါအများ သောင်းတိုက်သားတို့၏ ၀ပ်တွားရိုပျောင်း ညွှတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်တော်မူပေသောကြောင့်လည်း။ သတ္ထာဒေ၀မနုဿာနံ၊ သတ္ထ ဒေ၀မနုဿာန မည်တော်မူပေ၏။
၈။ ဣတိပိ၊ ဤသို့လျှင် သစ္စာလေးရပ် တရားမြတ်ကို လူ, နတ်အများ သိထင်ရှားအောင် ဟောကြားထုတ်ဖော် သိစေတော်မူသောကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူပေ၏။
၉။ ဣတိပိ၊ ဤသို့လျှင် ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်းခိုးတော်အနန္တ ကြီးမြတ်လှ၍ လောကသုံးပါး လူအများတို့ လေးစားဂရု ချီးပမှုကြောင့်လည်း။ ဘဂ၀ါ၊ ဘဂ၀ါ မည်တော်မူပေ၏။
တံ၊ ထိုအရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ အဟံ၊ ခန္ဓာအာယတန ဓာတ်စုမျှကို ကာယသမုတ် အကျွန်ုပ်သည်။ ၀န္ဒာမိ၊ သဒ္ဓါစိတ်ဇော အာရုံပြော၍ မနော, ၀စီ, ကာယညီလျက် ဦးချီလက်မိုး ကြာငုံဖြိုးသို့ ရှိခိုးပါ၏ဘုရား။
ဘုရားဂုဏ်တော် ကိုးပါးသရုပ်
၁။ အရဟံ ဂုဏ်တော် = အပူဇော်ခံထိုက်သော ဂုဏ်တော်၊
၂။ သမ္မာသမ္ဗုဒ္ဓေ ဂုဏ်တော် = မဖောက်မပြန် အမှန်သိဂုဏ်တော်၊
၃။ ၀ိဇ္ဇာစရဏသမ္ပန္နေ ဂုဏ်တော် = အသိအကျင့် ပြည့်စုံဂုဏ်တော်၊
၎။ သုဂတ ဂုဏ်တော် = နိဗ္ဗာန်ကြွသွား ဂုဏ်တော်၊
၅။ လောက၀ိဒူ ဂုဏ်တော် = လောကအကြောင်းသိ ဂုဏ်တော်၊
၆။ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော် = ဆုံးမတတ်သော ဂုဏ်တော်၊
ရ။ သတ္ထာဒေ၀မနုဿာန ဂုဏ်တော် = လူ, နတ်တို့၏ ဆရာဖြစ်ဂုဏ်တော်၊
၈။ ဗုဒ္ဓေ ဂုဏ်တော် = သစ္စာလေးပါးကို သိစေတတ်သော ဂုဏ်တော်၊
၉။ ဘဂ၀ါ ဂုဏ်တော် = ဘုန်းခြောက်ပါးရှိ ဂုဏ်တော်။
ဘုရားဂုဏ်တော် ပွားများခြင်းအကျိုး
ဘုရားဂုဏ်တော်ကို ရွတ်ဆိုပွားများ နှလုံးသွင်းဆင်ခြင်သူအား ရရှိနိုင်သော အကျိုးတရားများကို ၀ိသုဒ္ဓိမဂ်၌ အောက်ပါအတိုင်း ဖော်ပြထားလေသည်။
၁။ ရာဂ, ဒေါသ, မောဟ ကိလေသာ မဖြစ်ပွားခြင်း။
၂။ စိတ်အစဉ် ဖြောင့်မတ်ခြင်း။
၃။ ဘုရား၌ ရိုသေခြင်း။
၎။ သဒ္ဓါ, သတိ, ပညာ, ပုည ပြန့်ပြောခြင်း။
၅။ ပီတိ ပါမောဇ္ဇ များပြားခြင်း။
၆။ ဘေးရန်အမျိုးမျိုးကို သည်းခံနိုင်ခြင်း။
၇။ ဘုရားနှင့်အတူနေရသကဲ့သို့ ထင်မှတ်ခြင်း
(ဘုရားနှင့်နီးစပ်၍ အကုသိုလ်အပြစ် နည်းပါးသည်ဟူလို)။
၈။ စေတီအလား ပူဇော်ထိုက်ခြင်း
(ဗုဒ္ဓါနုဿတိပွားများသူတို့၏ ကိုယ်ခန္ဓာသည် စေတီအလား ပူဇော်ထိုက်သည်ဟူလို)။
၉။ ဘုရား၌ စိတ်ညွှတ်ခြင်း
(ဘုရား၌ စိတ်ရောက်နေ၍ အပြင် အပ အကုသိုလ်အာရုံများ မ၀င်နိုင်ခြင်း)။
၁၀။ အရှက်အကြောက်ဖြစ်ခြင်း
(အကုသိုလ်ပြစ်မှု ကျူးလွန်စရာ တွေ့ကြုံခဲ့သော် ဘုရားအာရုံထင်မြင်လာ၍ ဟိရိသြတ္တပ္ပ အရှက်, အကြောက်ဝင်ပြီး မလွန်ကျူးခြင်း)။
၁၁။ နတ်ရွာစသော သုဂတိသို့ရောက်ခြင်း။
(ဤဘ၀၌ မဂ်, ဖိုလ် မရသေးစေကာမူ ကွယ်လွန်သောအခါ ဒုဂ္ဂတိမကျနိုင်)။
(၀ိသုဒ္ဓိမဂ်၊ ပထမအုပ်၊ ၂၀၆။)
ဆောင်ပုဒ်ကဗျာ
၁။ ကိလောမနှောင့်၊
၂။ စိတ်စဉ်ဖြောင့်၏၊
၃။ ဘုန်းခေါင့်ရိုသေ၊
၎။ သဒ္ဓါစွေ၍၊
၅။ နှစ်ထွေပီတိ၊
၆။ သည်းခံချိ၏၊
၇။ စေတီပုံလား၊
၈။ ဘုရားနှင့်နေ၊
၉။ ထင်ပေဟိရောတ်*၊ (*ဟိရွတ်ဟု ဖတ်ပါ။ ဟိရိသြတ္တပ္ပဟု ဆိုလိုသည်။)
၁၀။ စိတ်ညွတ်ချစ်ရှင်၊
၁၁။ မဂ်စဉ်မပွား၊ နတ်ရွာလားသည်၊ ဘုရားဂုဏ်တော် ပွားကျိုးတည်း။
(၀ိသုဒ္ဓါရုံလင်္ကာ)
ဘုရားဂုဏ်တော်ပွားများ၍ အကျိုးရသော သာဓက၀တ္ထုများ
ဘုရားဂုဏ်တော်ပွားများ၍ လောကီလောကုတ္တရာအကျိုးများ ခံစားရပုံကို ပြဆိုသော သာဓက၀တ္ထုတို့ကား များစွာပင်ရှိလေသည်။ အနည်းငယ် နမူနာ ထုတ်ပြရသော် -
၁။ ပုဂံခေတ် မိဖုရားစောလုံ ၀တ္ထု (ဦးကုလား၊ မှန်နန်း)
၂။ ဂုဏ်တော်ပွားများ၍ ရေပေါ်အိပ်ပြနိုင်သော ဓနုဖြူမြို့နယ် ညောင်ချောင်းရွာသူ ဒေါ်ခင်ပု၊ (၁၉၄၈-သံတော်ဆင့်လွတ်လပ်ရေး စာစောင်)
၃။ မွန်အမျိုးသမီးကလေး တလထော၊ (၀ံသဒီပနီ၊ ဟာဗီ၏ မြန်မာရာဇ၀င်)
၎။ ဗုဒ္ဓါရမ္မဏပီတိကြောင့် ခန္ဓာကိုယ်ကြီး ကောင်းကင်သို့ မြောက်တက်သွားသော သီဟိုဠ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ (အဋ္ဌသာလိနီ)
၅။ အသန္ဓိမိတ္တာ မိဖုရားဝတ္ထု၊ (ဒီ၊ ဋ္ဌ၊ ၂၊ နှာ၊ ၄၄)
၆။ ကာဠီအမျိုးသမီးဝတ္ထု၊ (အံ၊ ဋ္ဌ၊ ၁၊ နှာ၊ ၃၅၁)
၇။ အနာထပိဏ်သဌေးကြီးဝတ္ထု၊ (သံ၊ ၁၊ နှာ၊ ၂၁)
၈။ ထင်းခွေသမား သားအဖ၀တ္ထု၊ … စသည်တို့မှာ ဗုဒ္ဓါနုဿတိ ပွားများဆင်ခြင်မှုကြောင့် ကောင်းကျိုးသုခရရှိပုံ သာဓက ၀တ္ထုများဖြစ်ပါသည်။
အထက်ပါဝတ္ထုများကိုထောက်ထား၍ ဘုရားဂုဏ်တော်ပွားများဆင်ခြင်လျှင် ရန်ဘေးကင်း၍ သုဂတိလမ်းသို့ ဖြောင့်တန်းစွာ သွားနိုင်ကြောင်း အဖြေရှာ၍ ဂုဏ်တော်ကို ကြိုးစားပွားများသင့်ကြပေသည်။
Thursday, May 7, 2009
တံမြက်လှည်းအကျိုး ငါးပါး
ကိုယ့်စိတ်, သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ လွန်ပွားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်၊
နတ်ပြည်ရောက်၊ ထွန်းတောက် ကျိုးငါးအင်။
ပရိဝါ၌ဟောသော တံမြက်လှည်းအကျိုး ငါးပါး
၁။ မိမိစိတ် ကြည်လင်ခြင်း၊
၂။ သူတစ်ပါးစိတ် ကြည်လင်ခြင်း၊
၃။ နတ်တို့ လေးစား ချစ်ခင်ခြင်း၊
၎။ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်စေခြင်း၊
၅။ နတ်ပြည်ရောက်ခြင်း။
(ပရိဝါ၊ ပါဠိ၊ ၂၃၁)
မီးလှူကျိုး နှစ်ပါး
ဘုရားရှင်အား၊ စိတ်ထားကြည်ဖြူ၊
ဆီမီးလျှပ်ပန်း၊ လှူဒါန်းသောသူ၊
စက္ခု မံသ၊ ဉာဏ နှစ်ဆူ၊
ကြည်လင်၏၊ ဖြစ်ဘိ ဉာဏ်ကြီးသူ။
၁။ မံသစက္ခု = ပကတိမျက်လုံး ကြည်လင်အားကောင်းခြင်း၊
၂။ ဉာဏစက္ခု = အသိဉာဏ်မျက်လုံး အားကောင်းခြင်း။
ရေလှူကျိုး ဆယ်ပါး
လျင်မြန်သန့်ရှင်း၊ စင်ကြယ်ခြင်းနှင့်၊
လွတ်ကင်းမွတ်သိပ်၊ မဆိတ်ခြံရံ၊
ဒီဃံသက်ရှည်၊ ရုပ်ရည်ဆင်းလှ၊
သုခခွန်အား၊ ပညာများ၊ ဆယ်ပါးရေအကျိုး။
ပန်းလှူကျိုး သုံးပါး
ပန်းလိုလှပ၊ ဘ၀ရုပ်ရည်၊
ခန္ဓာကိုယ်တွင်း၊ သန့်ရှင်းပေသည်၊
နံစော်ကင်းလို့၊ ခံတွင်းမွှေးကြည်၊
ပန်းလှူကျိုး၊ သုံးမျိုးရနိုင်သည်။
ဆွမ်းလှူကျိုး ငါးပါး
သက်ရှည်, ဆင်းလှ၊ သုခ, ခွန်အား၊ ပညာများ၊ ငါးပါး ဆွမ်းအကျိုး။
ခဲဖွယ်နှင့် ဘောဇဉ် အနက်
ထမင်း၊ ဆန်ဖြင့် ပြုလုပ်သောမုန့်၊ ဂျုံ (ပဲ)ဖြင့် လုပ်သောမုန့်၊ ငါးနှင့် အသား ဤငါးမျိုးကို ဘောဇဉ်ဟုခေါ်သည်။ ဘောဇဉ်ငါးမျိုးမှ ကြွင်းသော ချိုချဉ်၊ သစ်သီး၊ လက်ဖက်သုပ်၊ ဂျင်းသုပ် စသော စားဖွယ်မျိုးကို ခဲဖွယ် ဟု ခေါ်သည်။
စေတီလေးမျိုး အဓိပ္ပါယ်
ရဟန်း, ရှင်, လူတို့ အမြတ်တနိုး ကိုးကွယ်ရာ ဌာနကို စေတီဟု ခေါ်သည်။
၁။ ဓာတုစေတီ = မြတ်စွာဘုရား၏ အရိုး (ဓာတ်တော်)ကို ဓာတုစေတီဟု ခေါ်သည်။
၂။ ဓမ္မစေတီ = တရားစာပေ ပိဋကတ်တော်များကို ဓမ္မစေတီ ဟု ခေါ်သည်။
၃။ ဥဒ္ဒိဿစေတီ = သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်း၍ ထုလုပ်ထားသော ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ ရုပ်ပွားတော်များကို ဥဒ္ဒိဿစေတီဟု ခေါ်သည်။
၎။ ပရိဘောဂစေတီ = မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော သပိတ်, သင်္ကန်း, ရေစစ်, ဗောဓိပင် စသည်များကို ပရိဘောဂစေတီဟု ခေါ်သည်။
[မှတ်ချက်]
မြတ်စွာဘုရား၏ အသုံးအဆောင်များကို ဌာပနာထားသော ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တစ်ထောင် စသော စေတီမျိုးကို ပရိဘောဂစေတီဟု ခေါ်ရသည်။ ဓာတ်တော်များဌာပနာထားသည်ကို ရည်ရွယ်ပြောသော် ဓာတုစေတီဟုလည်း ခေါ်နိုင်သေးသည်။
ဆွမ်း, ရေချမ်း, ပန်း, ဆီမီး ကပ်လှူခြင်း
အရဟသာဒိ, န၀ဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊
သမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ၊ နတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှင် သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
[ဆွမ်းကပ်]
ဝဏ္ဏ ဂန္ဓ ရသ သမ္ပန္နံ = အဆင်း, အနံ့, အရသာနှင့် ပြည့်စုံသော၊
ဣမံ ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယံ = ဤဆွမ်းခဲဖွယ် ဘောဇဉ် ချို, ချဉ် အရသာ အဖြာဖြာကို (လည်းကောင်း)
[ရေချမ်းကပ်]
သုဒ္ဓသီတလသမ္ပန္နံ၊ = သန့်ရှင်း အေးမြ ကြည်လင်လှသော
ဣမံ ပါဏီယပရိဘောဇနိယံ = ဤသောက်တော်ရေ၊ သုံးဆောင်တော်ရေတို့ကို (လည်းကောင်း)
[ပန်းကပ်]
ဝဏ္ဏ ဂန္ဓ သမ္ပန္နံ = အဆင်း အနံ့ နှင့် ပြည့်စုံသော၊
ဣမံ ပုပ္ပံ = ဤပန်းကို၊
[ဆီမီးကပ်]
ပဘာဝဏ္ဏေဟိ = အရောင် အဆင်းတို့ဖြင့်၊
အန္ဓကာရံ = အမိုက်မှောင်ကို၊
ဝိနာသကံ = ပယ်ဖျောက်တတ်သော၊
ဣမံ ဒီပ ဇာလံ = ဤဆီမီးလျှံကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော် ပူဇော်ပါ၏ အရှင်ဘုရား၊
[ဆုတောင်း]
မေ = တပည့်တော်၏၊
ဣဒံ ပုညံ = ဤကောင်းမှုသည်၊
အာသ၀က္ခယာဝဟံ = အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွက်ဆောင်နိုင်သည်၊
ဟောတု = ဖြစ်ပါစေသတည်း။
အနန္တငါးပါး အဓိဋ္ဌာန်
၁။ ဘုရားကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင်ဆပ်ပါမည်။
၂။ တရားကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင်ဆပ်ပါမည်။
၃။ သံဃာကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင်ဆပ်ပါမည်။
၎။ မိဘကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင်ဆပ်ပါမည်။
၅။ ဆရာကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင်ဆပ်ပါမည်။
အနန္တငါးပါး ပူဇော်ကန်တော့ရန်
၁။ ဗုဒ္ဓံ = မြတ်စွာဘုရားကို၊ ပူဇေမိ = ပူဇော်ပါ၏ဘုရား။
၂။ ဓမ္မံ = တရားတော်မြတ်ကို၊ ပူဇေမိ = ပူဇော်ပါ၏ဘုရား။
၃။ သံဃံ = သံဃာတော်မြတ်ကို၊ ပူဇေမိ = ပူဇော်ပါ၏ဘုရား။
၎။ မာတာပိတူနံ = မိဘနှစ်ပါးတို့အား၊ ပူဇေမိ = ပူဇော်ပါ၏ဘုရား။
၅။ အာစရိယာနံ = ဆရာသမားတို့အား၊ ပူဇေမိ = ပူဇော်ပါ၏ဘုရား။
    Tuesday, May 5, 2009
    သြကာသရှင်းတမ်း
    သြကာသ သြကာသ သြကာသ [ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ] (တနည်း - ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ] ပထမ, ဒုတိယ, တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
    သြကာသ
    ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
    လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း၊ သြကာသ ကို သုံးကြိမ် ဆိုရပါသည်။
    ကံသုံးပါး
    ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
    နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
    စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။
    ရတနာ
    နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။
    ဘုရား
    တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
    တရား
    အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့် တရားဟု ခေါ်ပါသည်။
    သံဃာ
    အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
    အရိုအသေ
    ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။
    အလေးအမြတ်
    တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
    ရှိခိုး
    ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။
    ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ, လက်, နဖူး, တံတောင်, ဒူး)ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။
    နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။
    စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။
    ပူဇော်
    ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။
    ဖူးမြော်
    ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
    မာန်လျှော့
    မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟု မှတ်ပါ။
    ကန်တော့
    အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
    အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။
    (ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့, ယူခြင်းကို ဆိုလိုသည်)
    အပါယ်
    ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
    (အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)
    အပါယ်လေးပါးရှိသည်။ ၎င်းင်းတို့မှာ -
    (၁) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊ ဒုက္ခအတိပြီးသော ဘုံဌာန၊
    (၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တ၀ါ။
    (၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
    (၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တ၀ါ။
    - လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်၊
    - ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
    - မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
    - ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။
    ကပ်
    ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
    (ကပ္ပ = ပျက်စီးခြင်း)
    ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ -
    (၁)ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
    (၂)သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
    (၃)ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။
    - လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
    - ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
    - မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။
    ရပ်ပြစ်
    မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။
    အပြစ်ရှိသော အရပ်ကို မြန်မာတို့က [ရပ် - ပြစ်] ဟု ခေါ်ကြသည်။ အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။ ထိုအရပ်သို့ရောက်နေလျှင် မဂ်, ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို [ အပြစ် ]ဟု မိန့်တော်မူသည်။
    ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ -
    (၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့်
    ဘုရားပွင့်နေဆဲအခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
    (အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)
    (၄)ဒီဃာယုနတ်
    အသက်ရှည်သော နတ်ဗြဟ္မာကို [ ဒီဃာယုနတ် ] ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ လွန်စွာအသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာများနှင့် အရူပဗြဟ္မာများတည်း။ (အသညတတ်ဗြဟ္မာ များသည် ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။ ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည် ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)
    (၅)ဖြစ်လတ်ပစ္စန်
    ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား (ပစ္စန္တရာဇ်သား) လူရိုင်းများကို ဆိုသည်။
    (ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)
    (၆) မိစ္ဆာဉာဏ်ရှိ
    ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။
    (၇) ဉာဏ်မရှိသား
    ဘုရားပွင့်ဆဲအခါ တရားကို နည်းလည်လောက်သော ဉာဏ်မရှိသူများ။
    (ဤဆိုခဲ့သော ၇ မျိုးသည် ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။)
    (၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်
    တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်သူများ။
    ရန်သူ
    ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ -
    (၁) ရေ၊
    (၂) မီး၊
    (၃) ခိုးသူ၊
    (၄) အမွေခံ သားသမီးဆိုး၊
    (၅) မင်းဆိုး
    မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့် ရန်သူမဟုတ်နိုင်။ အမွေခံသားဆိုး သမီးဆိုးသာလျှင် (မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို ဖြုန်းသုံးပစ်တတ် သောကြောင့် ရန်သူအစစ်သာ ဖြစ်သည်။)
    - ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး, မှတ်သားလေကွဲ့ အမှန်တဲ့။
    ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။
    (၁)ကာလ၀ိပတ္တိ - မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
    (၂)ဂတိဝိပတ္တိ - အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊ မကောင်းသော ဂတိ ဖြစ်၍ [ဂတိဝိပတ္တိ]ဟု ဆိုသည်။
    (၃)ဥပဓိဝိပတ္တိ - ရုပ်အဆင်းအင်္ဂါကို [ဥပဓိ]ဟုခေါ်သည်။ အင်္ဂါချို့တဲ့ခြင်းကို [ဥပဓိဝိပတ္တိ]ဟု ဆိုသည်။
    (၄)ပယောဂ၀ိပတ္တိ - ကိုယ်မှု နှုတ်မှုကို [ပယောဂ]ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ ၀ီရိယလည်းမရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို [ပယောဂ၀ိပတ္တိ]ဟု ဆိုသည်။
    - ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ၀ိပတ္တိ။ ကာလ ဂတိ, ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။
    ဗျသနတရား
    ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။
    ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ -
    ၁။ ဥာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
    ၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
    ၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
    ၄။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
    ၅။ သီလဗျသန = သီလပျက်ခြင်း။
    ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။ ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်, ငါးရှိ သရုပ်ပြ။
    အခါခပ်သိမ်း ... ရပါလို၏။
    ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ... "သံသရာ၌ ကြာရှည် မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု ဆုတောင်းသည်။